
လူဆိုတာ အုံလိုက်ကျင်းလိုက်နေထိုင်တဲ့ သတ္တ၀ါတွေဘဲ
မင်းမရှိတဲ့ အချိန်တိုင်းတော့ မိုးကောင်းကင်ကို ခေါင်းနဲ့ ၀င်တိုက်ဖူးတာ
အခါခါဘဲ ။
မနက်ဘက် ထွက်ခွါသွားတဲ့ ရထားတစ်စင်းဟာ ညနေမှာပြန်ဆိုက်ကပ်မှာလား
ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်
ညနေတိုင်းဘဲ ။
ဦးထုပ် ခပ်ငိုက်ငိုက်မှောင်နေတဲ့ ဘူတာအိုလေးထဲမှာ
ဥသြသံတွေကို မျှော်လင့်နားစွင့်ရင်း အခါခါထကြည့်မိတယ်
မင်းမှမဟုတ်တာဘဲ ။
ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွတ်ခြင်း ဘယ်ဟာက ပိုလက်တွေ့ကျသလဲ
ငါကတော့ ငါ့ရင်ဘက်ကြိုးတွေကို သွေးအလိမ်းလိမ်းနဲ့ ဖြေလျှော့ပေးခဲ့တာပါ
မင်းထွက်သွားနိုင်ဖို့ဘဲ ။
ဒီဘူတာလေးနဲ့ သံလမ်းလေးတွေကို အမြဲရှင်းသန့် နေစေခဲ့တာ မြင်နိုင်မလား
အိုဟောင်းနေပေမယ့် ဒဏ်ရာ စုတ်ချက်တွေကြောင့် ရင့်ကျက်နေခဲ့ပြီလေ
မင်းပြန်လာမယ်ထင်နေတုန်းဘဲ ။
မည်မျှ
မည်၍
မည်သည့်နေ့
ဘာဘဲဖြစ်ဖြစ် ငါလက်မှတ်ဝယ်ထားတယ်
No comments:
Post a Comment